Thursday, October 25, 2012

[ chocunn ] နတ်သမီးပုံပြင် (Credit : အတွေးပင်လယ်ပြာ)


နတ်သမီးပုံပြင်

စာရေးသူ - chocunn
(Credit - အတွေးပင်လယ်ပြာ)


ဂစ်တာ၊ မူးယစ်ဆေး အစရှိသည့် အရာများဖြင့် ဘ၀ကို အလျားလိုက် ဖြတ်ကူးနေသော လူငယ်တစ်ယောက်နှင့် ၄င်းအား ကယ်တင်ဖို့ ကြိုးစားခဲ့သော မိန်းမတချို့အကြောင်း။

chocunn





တန်ဆောင်မုန်းလပြည့်ညမို့ လမင်းဟာအခါတိုင်းထက် ပိုလို့တောင် အရွယ်စားကြီးနေသလား ထင်ရတယ်။
ထိန်ထိန်သာနေတဲ့ လရောင်အောက်က ထင်းရှူးပင်အုပ်အုပ်တွေ စုဝေးနေတဲ့ ဟော့ဒီတောင်ကုန်းလေးပေါ်က အမိုးအကာမဲ့တဲ့ ခေါင်ရည်ဆိုင်လေးအရှေ့က စားပွဲဝိုင်းမှာ လူတစ်စုတိတ်တဆိတ်ပဲ ချေသားခြောက်ဝါးလိုက်၊၀ါးဆစ်ခွက်ထဲက ခေါင်ရည်ကို မော့လိုက်နဲ့  ငြိမ်သက်နေကြတယ်။
အမြင့်ပိုင်းနေရာမို့ ထင်းရှူးရွက်တွေကို လေတစ်ချက်တစ်ချက် အသုတ်မှာ တရှဲရှဲမြည်သံတခါတလေ ကြားရတာကလွဲလို့ ဘယ်သူမှ စကားဟဟ မပြောကြဘူး။
စီးကရက်ဗူးခွံအလွတ်ထဲက ငွေရောင်ခဲစက္ကူကို မပြဲအောင် သတိထားပီး ကျနော် ထုတ်ယူလိုက်တာ အောင်မြင်သွားတယ်။



ထမင်းစားတဲ့စတီးဇွန်းပုံစံပေါက်သွားအောင် ခဲစက္ကူလေးကို ခပ်မြန်မြန်လေး သေသေချာချာ ခေါက်ချိုးလိုက်တယ်။ ဂျင်းဘောင်းဘီအိတ်ကပ်ထဲက ပင်နင်ဆလင်ပုလင်းသေးသေးလေးကို ထုတ်ယူပီး ပုလင်းထဲက အမှုန့်ဖြူဖြူတစ်ချို့ကို ခုနကလုပ်ထားတဲ့ခဲစက္ကူ "ပေါ့ခွက်"ထဲသင့်တော်သလောက်
အသာလှုပ်ပီးထည့်လိုက်ပီ။ လက်တစ်ဖက်က ဇွန်းပုံသဏ္ဍန် စက္ကူခွက်ကလေးကို ကိုင်ထားရင်း ကျန်လက်တစ်ဖက်က မီးခြစ်နဲ့ ခွက်အောက်ခြေကနေ အပူပေးလိုက်တော့ ထည့်ထားတဲ့ အဖြူမှုန့်လေးတွေက ရှဲကနဲ လောင်ကျွမ်းသွားတယ်။ ချက်ချင်းပဲ ကျနော့်နှာခေါင်းက ထွက်လာသမျှ အငွေ့တွေကို အလွတ်မပေးတမ်း ရှူရှိုက်ပစ်လိုက်တယ်။ "တစ်ကောင်" ကျသွားပီ။ နောက်ထပ် "တစ်ကောင်" ထပ်လုပ်ဖို့ ပင်နင်ဆလင်ပုလင်းအဖုံးကိုထပ်ဖွင့်ပြန်တယ်။ အပူထပ်ပေးတယ် လောင်ကျွမ်းပီး အငွေ့လေးတွေ တလူလူထွက်လာပြန်ပီ။ တတိယ "တစ်ကောင်" ပီးသွားတော့ လူကတော်တော်
နေသာထိုင်သာရှိသွားသလိုပဲ။ ခပ်မတ်မတ်ထိုင်နေရာကနေ အလိုလိုနေရင်း ကွေးညွှတ်ကျလာသလိုလိုဖြစ်လာမှန်း ကျနော့်ကို ကျနော်သိနေတယ်။ မျက်လုံးကို အသာမှေးစင်းထားရင်း ကျနော့် လွတ်မြှောက်နေပီ။
ကျစ်ဆံမြီး အရှည်ကြီးနဲ့ ပြုံးချိုချိုမျက်နာလေးကို မျက်လုံးစုံမှိတ်ထားလျှက်က ရုပ်ရှင်ပိတ်ကားပေါ်မှာ မြင်နေရသလို ကျနော်မြင်ယောင်ကြည့်လို့ရနေတယ်။
ကျနော့်လက်မောင်းနဲ့ ဆွဲပွေ့ယူလိုက်တိုင်း ကျိုးသွားမလားထင်မှတ်မှားခဲ့ရတဲ့ ခါးကျင်ကျင်ကလေး။ ခေါင်းပေါ်မှာ ခွေခွေကလေး ချည်နှောင်ပီး ပန်ဆင်ထားတတ်တဲ့ ပန်းကုံးကလေးဆီက လတ်ဆတ်တဲ့ စံပယ်ပန်းရနံ့တွေတောင် ထောင်းကနဲရစပြုလာပီ။ ခစ်! ကနဲရွှင်မြူးနေတဲ့ ရယ်မောလိုက်သံက
ကျနော့် ပါးစပ်ကထွက်ကျလာတယ်။ စားပွဲပေါ်တင်ထားတဲ့ ကျနော့်လက်ချောင်းတွေက အငြိမ်နေလို့မရတော့သလိုပဲ။ ဒေါက်ဒေါက်ဒေါက်ဒေါက်.. ဒေါက်ဒေါက်ဒေါက်ဒေါက်.. မြည်သံနဲ့အတူ အလိုလိုခေါက်နေမိပီ။ အဲ့လို စိတ်လွှတ်ကိုယ်လွှတ်ဖြစ်နေရက ဆတ်ကနဲမျက်လုံးဖွင့်ကြည့်မိလိုက်တော့ ဆေးအရှိန်နဲ့ "ဖိန်း" နေတဲ့ ကျနော်လန့်သလိုလိုတောင်ဖြစ်သွားတယ်။ ဘယ့်နှယ် လူတွေအကုန်လုံးက ကျနော့်ကို ၀ိုင်းငေးနေကြတာဗျ။ ခုနက ကျနော်လုပ်သမျှဟာတွေ အကုန်လုံးကိုလည်း သူတို့မြင်နေခဲ့တာကိုး။ စားပွဲအပုလေးတွေနဲ့ဝိုင်းဖွဲ့ထားတဲ့ ခေါင်ရည်ဝိုင်း၃-၄ခုက လူတွေအကုန်လုံး ကျနော်တို့ထိုင်နေတဲ့ စားပွဲဆီ မျက်လုံးရောက်နေကြတယ်။ ကိစ္စမရှိပါဘူး။ ကျနော် ပေါက်မြှောက်နေပီမဟုတ်လား။ ရွှီ! ကနဲလေတစ်ချက်ချွန်ရင်း တစ်ဝိုင်းထဲထိုင်နေတဲ့ သူငယ်ချင်းဆီလက်ကမ်းရင်း လက်ဖျောက်တစ်ချက်တီးလိုက်တယ်။ စုတ်ချွန်းချွန်းမျက်နာတစ်ခုလုံးကို ဖွာလံကျဲနေတဲ့ဆံပင်ရှည်တွေအောက်မှာ ဖုံးကွယ်ထားရင်း ခေါင်ရည်စုပ်နေတဲ့ ကျနော့်သူငယ်ချင်းက ဘာမှစကားမဆိုပဲ စားပွဲကိုအလိုက်သင့်မှီပီးထောင်ထားတဲ့ ဂစ်တာ၂လုံးထဲက နိုင်လွန်ကြိုး တပ်ထားတဲ့ စပိန်ဂစ်တာကို လှမ်းပေးလာတယ်။ သူကိုယ်တိုင်လည်း ကျန်တဲ့ သံကြိုးတပ်ဂစ်တာကိုဆွဲယူပီး ပေါင်ပေါ်တင်ရင်း ဆေးပေါ့လိပ်တစ်လိပ်ကိုမီးညှိလိုက်တယ်။
လရောင်အောက်မှာ လေပြေကလေးက ဆော့ကစားစပြုအလာ ငြိမ်သက်တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို ခပ်သွက်သွက်ကလေး ကြိုးတွေကိုကုတ်တွယ်တီးခတ်လိုက်တဲ့ ဂစ်တာသံက ဖြိုခွဲလိုက်တယ်။
အဟား! လို့အသံထွက်မိမတတ် ကျနော်ရွှင်မြူးသွားပီ။ ဆံပင်ရှည်ရှည်နဲ့ ကျနော့် သူငယ်ချင်း တီးလိုက်တဲ့သီချင်းကို သဘောကျမိလို့။ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ၂ယောက်တူတူတွဲဖက်တီးခဲ့ဖူးတာမို့ ခပ်သုတ်သုတ်ကလေးပဲ ကျနော့်ရင်ခွင်ထဲက စပိန်ဂစ်တာလေးပေါ်မှာ ကျနော့်လက်ချောင်းတွေကို စိတ်ရှိတိုင်း ပြေးလွှားကစားလိုက်မိတယ်။ ကလင့်အိစ်ဝုဒ် ရဲ့နာမည်ကျော် "လက်တစ်ဆုပ်စာအသပြာ" ကောင်းဘွိုင်ဇာတ်ကားထဲက ဂစ်တာသံ။ ၂ယောက်သားတက်ညီလက်ညီ ဂစ်တာကြိုးတွေအပေါ်လက်ချောင်းတွေပြေးလွှားနေသလို မျက်လုံးခပ်မှေးမှေးလုပ်ထားတဲ့ ကျနော်တစ်ယောက် လေချွန်သံကို ခပ်စူးစူးလေး ချွန်ရင်း သံစဉ်နဲ့အလိုက်နဲ့အသားတကျရွှင်မြူးနေမိတယ်။ တစ်ခေါက်ပီး သွားပေမယ့် ဒုတိယတစ်ခေါက်ထပ်ကျော့တယ်။ အိုကေ! ရတယ်။ ခုမှပိုပီး ဈာန်ဝင်လာသလိုပဲ ။ ဆက်တီးတယ်။
နှစ်ကျော့ ကျော့အပီးမှာ ကျနော့်သူငယ်ချင်းက ချက်ချင်းမရပ်သွားပဲ နံပါတ်လေး ဂစ်တာကြိုး တစ်ချောင်းထဲကို ခပ်အုပ်အုပ် ကလော်ခတ်ပီး တီးနေရင်း ကျနော့်ဂစ်တာသံဝင်အလာကို စောင့်နေဟန်ပြတယ်။
ခေါင်းတစ်ချက်ငြိမ့်ပြပီး ကျနော့်လက်ချောင်းတွေကို ဆော့ကစားပစ်လိုက်တယ်။ နောက်ထပ်တစ်ပုဒ်ကို ဆက်တီးလိုက်မိပီ။ "နောက်ထပ်အသပြာ အနည်းငယ်အတွက်" ဆိုတဲ့ ကလင့်အိစ်ဝု ရဲ့ကောင်းဘွိုင်ဇာတ်ကားထဲက ဇာတ်ဝင်တေး။ ကျနော်ဘာမှမသိတော့ဘူးဗျာ။ ကျနော်သိနေတာက ကျနော်ဖန်တီးနေတဲ့ဂီတသံ။
ကျနော်ဟာကျနော်မဟုတ်တော့သလိုပဲ။ ကျနော်အရမ်းပျော်နေတယ်။ ခါးကြားထဲမှာ ခြောက်လုံးပူးသေနတ်ထိုးထားပီး နွားကျောင်းသားဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ ကြွစောင်းစောင်း ကောင်းဘွိုင်တစ်ယောက်လိုပဲ။ ကျနော်ဟာ အမည်မဲ့သေနတ်သမားတစ်ယောက်။ ခပ်မွဲမွဲ အနက်ရောင်ဝတ်ရုံနဲ့ သေမှာမကြောက်တဲ့လူ၊ ထီမထင်ဟန်နဲ့ မြင်းတစ်ကောင်ရဲ့ကျောပေါ်မှာပေါ့။
၂ယောက်သား တိုင်ပင်စရာတစ်ချက်မှ မလိုပဲ "ဟာမိုနစ်ကာနဲ့လူ" "မောင်ကောင်း၊မောင်ဆိုး၊မောင်ရုပ်ဆိုး" အစရှိတဲ့ အနောက်ပိုင်းက သေနတ်ပစ်ကောင်းဘွိုင်ဇာတ်ကားတွေထဲက ဇာတ်ဝင်တေးတွေအကုန်ဆက်တိုက် မီးကုန်ယမ်းကုန်တီးပစ်လိုက်မိခဲ့တယ်။

xxxxx xxxxx xxxxx

ကျနော်တို့ဂစ်တာသံတွေ ရပ်လိုက်တာနဲ့ လက်ခုပ်တီးသံတွေတဖြောင်းဖြောင်း စားပွဲဝိုင်းပုလေးတွေ ၃-၄ခုဆီကနေ ထွက်ကျလာတယ်။
ကပ်လျှက်ဝိုင်းမှာထိုင်နေတဲ့မြို့ပေါ်က ချာတိတ်ကလေးတွေဆီက နေ "ကိုဖိုးသက်! ခင်ဗျားတို့တီးတာသောက်ရမ်းမိုက်တယ်" "နောက်ဆုံးတီးတဲ့ သီချင်းက မောင်ရင်ငတေမိုက်ကန်းသည်.. ဇာတ်ကားထဲက တီးလုံးမလား" အစရှိတဲ့စကားသံတွေကို ဘာမှပြန်မပြောအားပဲ မွန်ထရီစီးကရက်တစ်လိပ်ကို ခပ်မြန်မြန်လေးမီးညှိပီး ဖွာရှိုက်နေမိတယ်။ စောစောပိုင်းက "တင်" ထားသမျှလေးတွေပြန်ကျချင်လာပီဗျာ။

"ဖိုးတေ! လစ်စို့လား? ငါအရှိန်ကျလာတော့မယ်.. မြန်မြန်ပြန်ရင်ကောင်းမယ်ထင်တယ်"
"အွန်း!"

ဝါးဆစ်ခွက်ထဲက လက်ကျန်ခေါင်ရည်ကို မော့နေရာက ကျနော့်စကားသံကြောင့် ပြန်မဖြေပဲ အွန်း သံပေးလိုက်ရတဲ့ သူငယ်ချင်းက ပိုက်ဆံရှင်းဖို့ ခေါင်ရည်ဆိုင်ပိုင်ရှင်ကို လက်ယပ်ပီးလှမ်းခေါ်လိုက်တယ်။

"ဘယ်လောက်ကျလဲ ကိုအာလူးပိန်?"
"အခေါင်း၃လုံး?"
"ဗျာ!"

ဆိုင်ပိုင်ရှင် ကိုအာလူးပိန်ရဲ့စကားကြောင့် အူကြောင်ကြောင်နဲ့၂ယောက်သားမော့ကြည့်မိတော့ ခစ်ကနဲရယ်မိမလိုဖြစ်သွားတယ်။
ဆောင်းဝင်ကာစကာလ ရာသီဥတု ခပ်စိမ့်စိမ့်လေးဆိုတော့ အနွေးထည်မ၀တ်ပဲ အညာစောင်ကြမ်းကြီးကို ကိုယ်မှာပတ်ထားတဲ့ ကိုအာလူးပိန်ရဲ့စတိုင်က ကောင်းဘွိုင်ဟန်ပေါက်နေတာကိုး။ ဒီကြားထဲ ခြေထောက်၂ဖက်ကိုခပ်ချဲချဲလုပ်၊ ခါးနံဘေးမှာ လက်ကိုခပ်ကားကားချထားပီး ခြောက်လုံးပူးဆွဲထုတ်တော့မယ့်ဟန်နဲ့ ခပ်တည်တည်စိုက်
ကြည့်နေသေး။ "အခေါင်း၃လုံးအသင့်ပြင်ထားလိုက်" ဆိုတာက ခုနက ကျနော်တို့တီးသွားတဲ့ဇာတ်ကားထဲက ကောင်းဘွိုင်ကြီး ကလင့်အိစ်ဝုဒ်ရဲ့ နာမည်ကျော်ဒိုင်ယာလော့ခ်လေ။

"ကလင့်အိစ်လူး နဲ့လာတွေ့နေပါလားဗျ ဟားဟား"
"ဟဲဟဲ .. ခေါင်ရည်ဖိုးပဲပေးသွားကွာ အမြည်းဖိုးပေးစရာမလိုဘူး နောက်ထပ်ဘယ်နေ့လာဦးမလဲ ငါ့ဆိုင်ကို?"
"မလုပ်ပါနဲ့ ကိုအာလူးရယ်..ဟိုကောင်ဖိုးတေ စားထားတာလည်းကြည့်ဦး.. ချေသားခြောက်ဖုတ်၊ငါးထုပ်ပေါင်း၊ပဲသုတ်၊အမဲဒူး .. ဒီလောက်အများကြီး ဖရီးကစ်ဆို ခင်ဗျားမွဲရချည်ရဲ့"
"ဟဲ့! ဂစ်တာဆရာ၂ယောက်.. အဲ့ဒါ ငါမယူခိုင်းတာဟဲ့ နင်တို့တီးတာခတ်တာကိုသဘောကျလို့ ဟုတ်ပီလား နောက်တစ်ခေါက်စားတော့မှပေးချေ"

မဒမ်အာလူးပိန်ရဲ့ အသံခပ်စွာစွာနဲ့လှမ်းအော်သံကြားလိုက်ရမှ ပြုံးပီးလက်လှမ်းပြလိုက်ရင်း ခေါင်ရည်ဖိုးကို ကိုအာလူးပိန်လက်ထဲထည့်လိုက်တယ်။
ဖိုးတေနဲ့ကျနော် ဂစ်တာကိုယ်စီလွယ်ပိုးရင်း ပြန်ဖို့ပြင်တယ်။ ကျနော်ခေါင်ရည်ဖိုးပေးလိုက်တဲ့ ကိုးဆယ်တန်ကို အကြွေတွေပြန်အမ်းနေတဲ့ ကိုအာလူးက ခပ်အုပ်အုပ်အသံနဲ့ ကျနော့်ကို လှမ်းစကားပြောတယ်။

"ဖိုးသက်! ဟိုအစွန်ဆုံးဝိုင်းက ရှမ်းတရုတ်မလေးတွေအုပ်စုတွေ့လား"
"ဟင့်အင်း! မတွေ့ဘူး" (စီးကရက်တစ်လိပ်ကို မီးထပ်ငြှိရင်း ကျနော်စိတ်မပါလက်မပါပြန်ဖြေနေမိတယ်)
"အာ.. မင်းကလဲ ငါအတည်ပြောနေတာ.. သူတို့အထဲက ငါတို့မြို့ကိုခဏလာလည်တဲ့ ဆရာဝန်မဆိုလား ဘာဆိုလား ခပ်ချောချောနဲ့တစ်ယောက်က မင့်နာမည်ငါ့မိန်းမကို မေးနေတယ်ကွ ဟီးဟီး"
"တော်ပါ ကလင့်အိစ်လူးရာ .. ပြန်ပီဗျို့တာ့တာ .. ဖိုးတေ လစ်မယ်ဟေ့ကောင်"

ထင်းရှူးပင်တွေစီတန်းပေါက်ရောက်နေတဲ့ မြေနီလမ်းကလေးအတိုင်း လရောင်အောက်မှာ ဖိုးတေနဲ့ကျနော် ဂစ်တာကိုယ်စီလွယ်လို့ တိတ်တဆိတ်လျှောက်လာကြရင်း ကျနော့်ဂျင်းဂျာကင်အိတ်ကပ်ထဲက ပင်နဆလင်ပုလင်းလေးကိုထုတ်ယူပီး အထဲမှာ အဖြူမှုန့်လေးတွေဘယ်လောက်ကျန်သေးလဲလို့ စစ်ဆေးကြည့်နေမိတယ်။
ညမအိပ်ခင် "တစ်ကောင်" လောက်တော့ လုပ်မှရမယ်လေ။ ခုတောင် အရှိန်ပြန်ကျလာလို့လားမသိဘူး ကြောက်စိတ်နည်းနည်းဝင်စပြုလာပီ။ မျက်လုံးထဲမှာ "ချို့" ကိုချစ်လားကောင်လေး လို့မျက်လုံးပြူးပီး ခြိမ်းခြောက်သလိုမေးတတ်တဲ့ မျက်နာဝိုင်းစက်စက်ကလေးကိုမြင်ယောက်လာပီဗျာ။ သူ့ခမျာ ရေတွေက အိပ်ခန်းထဲဝေါကနဲထိုးဝင်လာတော့
ဘယ်လောက်ကြောက်နေရှာခဲ့မလဲနော်။ ရေတွေမွှန်းပီး ရုန်းကန်နေခဲ့ရရှာမှာပေါ့လေ။ ဖိုးသက်လေးရေ "ချို့" ကိုကယ်ပါဦးလို့ အော်ဟစ်သွားခဲ့သေးသလားတောင်မသိတော့ပါဘူးဗျာ။ နင့်ကနဲဖြစ်သွားတဲ့စိတ်ခံစားမှုနဲ့အတူ ကျနော့်မြင်ကွင်းတွေက မကြည်လင်တော့ပဲဝိုးတ၀ါးဖြစ်စပြုလာတယ်။

"ဟေး! ကောင်းဘွိုင်တွေ .. ဝေးဟေးဟေးးးး"

ရုတ်တရက်အပြင်းမောင်းလာတဲ့ ဂျစ်ကားတစ်စီးကြောင့် ကျနော်နဲ့ဖိုးတေ အလန့်တကြား လမ်းဘေးကိုရှောင်လိုက်မိတယ်။
ကောင်မလေးတွေအပြည့်ပါတဲ့ ဂျစ်ကားက ကျနော်တို့၂ယောက်ကို မြေနီလမ်းကျဉ်းကျဉ်းလေးထဲ ပွတ်ဆွဲသလိုလုပ်သွားတာကိုး။ ကားပေါ်က ကောင်မလေးတွေရဲ့ ရွှင်မြူးနေတဲ့ ဆူညံအော်ဟစ်သံကို နားထောင်လိုက်ရင် ခုနက ခေါင်ရည်ဆိုင်ကထွက်လာကြမှန်းသိသာနေတယ်။ ကားနောက်မီးနီနီလေး မှိန်ပီး ပျောက်သွားတဲ့အထိ ကျနော်နဲ့ဖိုးတေ ရပ်ပီး ငေးကြည့်နေမိသေးတယ်။ ၂မိနစ်လောက်ကြောင်အအနဲ့ရပ်နေမိကြပီးမှသတိဝင်လာပီး ခပ်သုတ်သုတ်လမ်းဆက်လျှောက်နေမိတယ်။ ကျနော်အိမ်အမြန်ပြန်ရောက်ဖို့ လိုအပ်နေပီ။ "ကျ" နေတဲ့ အရှိန်ကို ထပ် မ "တင်" ဘူးဆိုရင် ကျနော့်စိတ်ထဲမှာ ၀မ်းနည်းစရာအဖြစ်အပျက်တွေကို ထပ်ခါထပ်ခါတွေးမိလိမ့်မယ်။ ကျနော့်အနောက်ကနေ ခေါင်ရည်မူးမူးနဲ့ ငိုက်စိုက်ငိုက်စိုက် လျှောက်နေတဲ့ သူငယ်ချင်းကို ခပ်လောလောလေး ဟောက်လိုက်မိတယ်။

"ဖိုးတေ! မြန်မြန်လျှောက်ပါဟ"

2 comments:

  1. အဆက်ကိုမျှော်နေတယ်ဗျို့ ဖြစ်နိုင်ရင် စာရေးဆရာ
    channko(or)chocunn ရဲ့စာအုပ် အသစ်တွေကို
    ဒေါင်းလုပ် လင့်လေးနဲ့လုပ်ပေးပါလား
    အရမ်း ဖတ်ချင်လို့ပါ သူရဲ့ပရိတ်သတ်စစ်စစ်ပါ
    အားကိုးပါတယ် ကျေးဇူးတင်ပါတယ်ခဗျ

    ReplyDelete
  2. ဟုတ်တယ်ဗျို့

    ReplyDelete